စီးပွားရေးလုပ်ငန်းငယ်များအတွက် ဈေးကွက်သုတေသန

အောင်မြင်တဲ့စီးပွားရေးတခုကို စတင်ဖို့အတွက် သင်အနေနဲ့ လက်ရှိနဲ့ အလားအလာရှိတဲ့ ဖေါက်သည်တွေ၊ သင့်ရဲ့ပြိုင်ဖက်၊ သင့်ဈေးကွက်ရဲ့စီးပွားရေး အခြေအနေနဲ့ပါတ်သက်တဲ့ အကြောင်းတွေကို လေ့လာဖို့ လိုပါတယ်။  ဈေးကွက်သုတေသနဆိုတာ ဘယ်လိုကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ကိုယ့်ရဲ့ ဖေါက်သည်တွေ ကြိုက်နှစ်သက်သလဲ ဆိုတာနဲ့ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို ပြိုင်ဖက်တွေနဲ့ မတူအောင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာကို စားသုံးသူတွေရဲ့အမြင်သဘောထားတွေနဲ့ စီးပွားရေးဆိုင်ရာအချက်အလက် တွေကို စုဆောင်းပြီး ဆန်းစစ်တဲ့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်။

ဈေးကွက်သုတေသနကနေ အောက်ဖေါ်ပြပါအချက်တွေနဲ့ ပါတ်သက်ပြီး အထောက်အကူပေးမယ့် တန်ဖိုးရှိတဲ့ သတင်းတွေ ရရှိနိုင်ပါတယ်။

  • စွန့်စားရမှုတွေကို လျှော့ချရန်၊
  • ကိုယ့်ထုတ်လုပ်တဲ့ ကုန်စည်ရဲ့ ဈေးကွက်မှာ ယခုလက်ရှိ နဲ့ နောင်ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာတွေကို မြင်နိုင်ရန်၊
  • ဈေးကွက်နဲ့ ပါတ်သက်တဲ့ အခွင့်အလမ်းတွေကို  ဖေါ်ထုတ်နိုင်ရန်၊
  • ဈေးကွက်မှာအောင်မြင်မှုရေအာင် လုပ်ဆောင်ရမည့် လုပ်ငန်းတွေကိုကြိုတင်ဖေါ်ဆောင်ရန်၊

ဈေးကွက်သုတေသနကို ဘယ်လိုလုပ်မလဲ

စီးပွားရေးလုပ်ငန်းတခုနဲ့ ပါတ်သက်ပြီး ဆုံးဖြတ်ချက်တွေချရာမှာ ဘယ်နေရာကစရမလဲဆိုတာသိဖို့ တခါတရံမှာ ခက်ခဲပါတယ်။ ဒါပေမယ့် သင်ရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဈေးကွက်သုတေသနကို ဘယ်လိုလုပ်ရမလဲ ဆိုတာ လေ့လာသင့်ပါတယ်။ အခြေခံဈေးကွက်သုတေသနကို နားလည်ထားခြင်းဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် သော့ချက်တွေထဲက တခုဖြစ်ပါတယ်။ ဈေးကွက်သုတေသန လုပ်ခြင်းဖြင့် ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့နယ်ပယ် (Industry) ကိုယ့်ရဲ့ပြိုင်ဖက် (Competitor) နဲ့ ကိုယ့်ရဲ့ဦးတည်ဈေးကွက် (Target Market) တွေကို သေသေချာချာ နားလည်နိုင်ပါတယ်။

ဈေးကွက်သုတေသနကို မူရင်းသုတေသန (Primary Research) နဲ့ တဆင့်ခံသုတေသန(Secondary Research) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ မူရင်းသုတေသန ဆိုတာ ဈေးကွက်သတင်းရဲ့ မူရင်းဇစ်မြစ်ကို ရောက်အောင်သွားပြီး အချက်အလက် စုဆောင်း မေးမြန်းခြင်းဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကတော့

  • ကိုယ့်ရဲ့ ဦးတည်ဈေးကွက်ထဲက စားသုံးသူဖြစ်နိုင်သူ တွေကိုစုစည်းပြီးဆွေးနွေးခြင်း (Focus Group) ဥပမာအားဖြင့် ကိုယ်က တက္ကသိုလ်တခု အနီးမှာ မိတ္တူကူးဆိုင်တခုဖွင့်ဖို့ပြင်ဆင်နေတယ်ဆိုပါစို့။ ကိုယ့်ရဲ့ ၀န်ဆောင်မှုကို စားသုံးမဲ့သူတွေဖြစ်တဲ့ ကျောင်းသား ၅ ယောက်လောက်ကို ဖိတ်ခေါ်ပြီး မိတ္တူကူးဆိုင်တွေရဲ့ ၀န်ဆောင်မှုနဲ့ပါတ်သက်ပြီး သူတို့ဖြစ်စေချင်တာ၊ လက်ရှိ ဆိုင်တွေရဲ့ လုပ်ဆောင်ချက်တွေထဲက သူတို့ သဘောကျတဲ့အချက်တွေ၊ မကြိုက်တဲ့ အချက်တွေ စတာတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးစေခြင်းမျိုး ဖြစ်ပါတယ်။
  • ကိုယ့်ရဲ့ ဦးတည်ဈေးကွက်ထဲက စားသုံးသူဖြစ်နိုင်သူ တွေကိုမေးမြန်းခြင်း (Interview) ဒီနည်းလမ်းမှာတော့ စားသုံးသူဖြစ်နိုင်ချေရှိသူတွေကို ကိုယ့်ရဲ့ကုန်ပစ္စည်း ၀န်ဆောင်မှု တွေအပေါ်မှာ သူတို့ရဲ့သဘောထား စတာတွေကို တစ်ဦးချင်း မေးမြန်းခြင်း ဖြစ်ပါတယ်။ 
  • ကိုယ့်ရဲ့ပြိုင်ဖက်တွေ ဖွင့်လှစ်ထားတဲ့ဆိုင်၊ အဲဒီ အနီးတ၀ိုက် ပတ်၀န်းကျင်ကို သွားရောက်လေ့ လာခြင်း၊ ပြိုင်ဖက်ရဲ့ အားသာချက်၊ အားနည်းချက်၊ လုပ်ငန်းဆောင်ရွက်မှုနည်းစံနစ်  ပတ်၀န်းကျင်ရဲ့တုန့်ပြန်မှု စတာတွေကို ရနိုင်သလောက် အချက်အလက် စုဆောင်းခြင်းဖြစ်ပါတယ်
  • ကိုယ့်ရဲ့ ဦးတည်ဈေးကွက်ကို စစ်တမ်းကောက်ယူခြင်း၊ ကိုယ့်ရဲ့ ဖေါက်သည်ဖြစ်လာနိုင်မဲ့သူတွေရဲ့ အမူအကျင့်၊ စားသုံးမှု အလေ့အထ တွေကို မေးမြန်းမှတ်တမ်း တင်ခြင်းဖြစ်ပါတယ်။
  • ကိုယ့်ရဲ့ ဦးတည်ဈေးကွက်ရဲ့ အပြုအမူကို လေ့လာခြင်း၊ ဥပမာ၊ ကိုယ်က လဘက်ရည်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတယ် ဆိုပါစို့။ ကိုယ်ဆိုင်ဖွင့်မယ့် ပတ်၀န်းကျင်ကလူတွေ မနက်စာကို အိမ်မှာ စားသလား၊ အလုပ်သွားရင်း လမ်းကဆိုင်မှာ စားတတ်သလား၊ ဘယ်လို မုန့်မျိုးကို စားသုံးတတ်သလဲ၊ စတဲ့  အမူအကျင့်တွေကို လေ့လာခြင်းဖြစ်ပါတယ်။

တဆင့်ခံ သုတေသနဆိုတာကတော့ ကိုယ့်ရဲ့ ဦးတည်ဈေးကွက်နဲ့ ပါတ်သက်တဲ့အချက်တွေကို အောက်ဖေါ်ပြပါ သတင်းအရင်းအမြစ် တွေကနေ ရယူခြင်းဖြစ်ပါတယ်။

  • သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေ ဖတ်ခြင်း
  • အင်တာနက်တွင် ရှာဖွေခြင်း
  • လုပ်ငန်းနှင့်ပါတ်သက်သော အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အစီအရင်ခံစာများကို ဖတ်ရှုခြင်း

သင်အနေနဲ့ ဘယ်လိုဈေးကွက်သုတေသနမျိုးကို ပြုလုပ်သည်ဖြစ်စေ မေးမြန်းစူးစမ်းရမယ့် မေးခွန်းတွေကို
 အောက်မှာ ဖေါ်ပြထားပါတယ်။

ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့နယ်ပယ် (Industry) နဲ့ ပါတ်သက်တဲ့ မေးခွန်းများ

  • ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့နယ်ပယ်ဟာ ဘယ်အဆင့် (ကနဦး၊ ရင့်ကျက်၊ ဆုတ်ယုတ်) ကို ရောက်နေသလဲ။ ဥပမာ  ကိုယ့်စီးပွားရေးက မိုဘိုင်းဖုန်းနဲ့ ပါတ်သက်တဲ့၀န်ဆောင်မှုတွေပေးတာဆိုရင် မြန်မာနိုင်ငံ မှာဆိုရင် ကနဦးအဆင့်လို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့စီးပွားရေးက ရေသန့်ထုတ်လုပ်တဲ့လုပ်ငန်း ဆိုရင်တော့ ရင့်ကျက်အဆင့် ဖြစ်ဖို့များပါတယ်။ ကိုယ့်ရဲ့စီးပွားရေးက ဗွီဒီယိုခွေငှားတဲ့ လုပ်ငန်းမျိုး ဆိုရင်တော့ ဆုတ်ယုတ်အဆင့်မှာ ထည့်ဖို့သင့်မှာပါ။
  • ကိုယ့်စီးပွားရေးလုပ်ငန်းနယ်ပယ် ရဲ့ အလားအလာက ကောင်းသလား၊ ဆုတ်ယုတ်နေသလား။
  • ကိုယ့်စီးပွားရေးလုပ်ငန်းနယ်ပယ်ဟာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲ။
  •  ဘယ်လို အလားအလာတွေက  ကိုယ့်စီးပွားရေးလုပ်ငန်းနယ်ပယ်အတွက် အခွင့်အလမ်းတွေ ဖန်တည်းပေးနေသလဲ။
  • ကိုယ့်စီးပွားရေးလုပ်ငန်းနယ်ပယ်ရဲ့ ပျမ်းမျှ အမြတ်ရာနှုံးဘယ်လောက်ရှိသလဲ။


ကိုယ့်ရဲ့ပြိုင်ဖက် (Competitor)

  • ကိုယ့်ရဲ့ အဓိက ပြိုင်ဖက်တွေက ဘယ်သူတွေလဲ။
  • ပြိုင်ဖက်တွေက ဘယ်လောက်ကြီးသလဲ၊ ကိုယ့်လိုဘဲ အသေးစားစီးပွားရေးလုပ်ငန်းတွေလား၊ နိုင်ငံစုံ ကုမ္ပဏီကြီးတွေလား။
  • ပြိုင်ဖက်တွေရဲ့ တည်နေရာက ဘယ်မှာလဲ။
  • သူ့တို့ရဲ့ စီးပွားရေးလုပ်တဲ့ပုံစံက ဘယ်လိုလဲ၊ ထုတ်လုပ်လိုက်တဲ့ ပစ္စည်း (၀န်ဆောင်မှု) တွေကို ဘယ်လို နည်းလမ်းတွေနဲ့ရောင်းသလဲ (ဥပမာ၊ တိုက်ရိုက်လား၊ ကိုယ်စားလှယ်ထားရောင်းသလား)
  • ဘယ်ဈေးနဲ့ရောင်းသလဲ၊ ဘယ်လောက် အမြတ်ကျန် နိုင်သလဲ။

 ကိုယ့်ရဲ့ဦးတည်ဈေးကွက် (Target Market)

  • ကိုယ့်ရဲ့ စားသုံးသူတွေရဲ့ အသက်အပိုင်းအခြား၊ ကျား/မ၊ လူမျိုး၊ အိမ်ထောင်ရေးအခြေအနေ
  • သူ့တို့ရဲ့ ၀င်ငွေက ဘယ်လောက်ရှိသလဲ။
  • ကိုယ့်နဲ့ အလားတူပစ္စည်းတွေအပေါ်မှာ စားသုံးသူတွေက ဘယ်လောက်သုံးသလဲ။
  • စားသုံးသူတွေက ကုန်ပစ္စည်းကို ဘယ်လို၀ယ်သလဲ (ဥပမာ လက်လီဆိုင်ကလား၊ ထုတ်လုပ်တဲ့ နေရာကလား၊ အိမ်တိုင်ယာရာက်လာရောင်းသူထံကလား)

အထက်ပါ မေးခွန်း တွေရဲ့အဖြေတွေက သင်လုပ်ငန်းအတွက် ဘယ်လိုစီးပွားရေးပုံစံမျိုးနဲ့ဖြစ်နိုင်ချေရှိတယ် ဆိုတာဆုံးဖြတ်ဖို့၊ ဈေးကွက်နည်းဗျူဟာ တွေဖေါ်ထုတ်ဖို့ နဲ့ ဘယ်ဈေးကွက်ကိုဦးတည်ရမယ်ဆိုတာ တိတိကျကျ သိနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။

Creative Commons License

စီးပွားရေးလုပ်ငန်းငယ်များအတွက် ဈေးကွက်သုတေသန by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Similar Posts